MyanmarSpace Glitter Text

MyanmarSpace.com

Saturday, September 18, 2010

အနွမ်းပြုံးတစ်ပွင့်ရဲ့မျှော်လင့်ချက်

ဘ၀ရှင်သန်ခြင်းရဲ့ လွတ်လပ်မှုဆိုတာ
ဆေးဖက်ဝင်တဲ့ ရှားပါးအပင်လိုဘဲ
ရှာဖွေရယူရန်ခက်ခဲလှပါတယ်။
လွတ်လပ်ခြင်းကိုတိုက်ယူလာပေးမယ့်
ကျမ သားလေးရဲ့အဖေလည်း
ရှေ့တန်းထွက်ရင်းပြန်မလာတော့
စွန့်လွတ်ခြင်းရဲ့နောက်လက်ကျန်
အသက်တစ်ချောင်းကိုပါစတေးလိုက်ပြီး
လွတ်လပ်ခြင်းကိုမစွမ်းပေးနိုင်ခဲ့တဲ့
ကျမချစ်တဲ့သားရဲ့အဖေဟာ
ကျမတို့သားအမိအတွက်
အမွေကောင်းတစ်ခုတော့ချန်ထားခဲ့တယ်။
အဲတာက “ဓါး”မကြီးတစ်လက်ပါဘဲ
ကျမတို့ရွာမိစ္ဆာတွေရောက်လာပြီး
မီးလောင်တိုက်သွင်းခဲ့တုန်းက
အကာအကွယ်မပေးနိုင်ခဲ့ပေမယ့်။့
ပြေးလွှားရှောင်ပုန်းခဲ့တဲ့လျှိုမြှောင်တလွှားမှာ
ကျမရဲ့အားကိုးရာဓါးကောင်းတစ်လက်ပေါ့
မမြင်နိုင်တဲ့လျှိုမြှောင်တစ်ဖက်ကမ်းက
ကံကြမ္မာရိုင်းတွေကိုသတိထားရင်း
သားလေးနဲ့ကျမ တစ်နှစ်စာဖူလုံရေးအတွက်
ခေါင်းပေါင်းကာ ထမိန်တိုတိုဝတ်ပြီး
အင်အားတွေ စုစည်းလိုက်တယ်
နှဖူးပြင်မှယိုစိမ့်လာတဲ့ ချွေးစက်လေးတွေနဲ့အတူ
လွှဲခုတ်လိုက်သော ဓါးချက်တိုင်းမှာ
အစီအရီလဲကျပြိုဆင်းသွားတဲ့
ပင်ကြီးပင်ငယ်ကို လည်ပြန်ကြည့်ရင်း
သက်ပြင်းကလေးတစ်ချက်ချကာ
အနွမ်းပြုံးလေးတစ်ပွင့်ခြွေလိုက်တယ်
ငါတို့ကရင်တွေအဲလောက်ညံ့မယ်မထင်ဘူး
မဝေးတော့တဲ့ကာလတစ်ခုမှာ
လွတ်လပ်ခြင်းကိုဆောင်ကြဉ်းပေးလာလိမ့်မယ်။

                          စအဲအဲ(နှင်းခဲမြေ)Sep.18.2010
 
လွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းဆိတ်သုဉ်းနေတဲ့စစ်ရဲ့ဒါဏ်ကိုခံစားနေကြရတဲ့ ကရင့်အမျိုးသ္မီးရွာပုန်းရွာရှောင်(IDP)များသို့ဂုဏ်ပြုအပ်ပါသည်။